ဆံပင် အကွက်လိုက် ဖြူခြင်း

ဆံပင် အကွက်လိုက် ဖြူခြင်း

ဆေးခန်းလာပြတဲ့ထဲမှာ poliosis ခေါ်တဲ့ ဆံပင်အကွက်လိုက်ဖြူခြင်းက ကုရခက်တယ်။လာပြတဲ့လူနာအများစုမှာ စိုးရိမ်စိတ် ကိုယ်စီရှိကြတယ်။ ဘာ့ကြောင့်ဖြစ်တာလဲနဲ့ ဘာတွေဆက်ဖြစ်နိုင်လဲဆိုတဲ့မေးခွန်း နှစ်ခုက အမေးများတယ်။ ဘာ့ကြောင့်ဖြစ်လဲဆိုတာ ရှင်းပြဖို့ နောက်ခံအကြောင်းရင်းကို အရင်ရှာရပါတယ်။ ပထမဆုံးအနေနဲ့ ဆံပင်မှာဖြစ်လို့ ဆံသားအကြောင်း နားလည်ဖို့ လိုပါတယ်။

ဆံသားရဲ့အခြေမှာ hair follicle ခေါ်တဲ့ ဆံသားအမြစ်ရှိတယ်။ သာမန်လူတယောက်ဟာ ဆံပင်ပေါက်ပြီဆိုတာနဲ့ ဆံသားအခြေထဲကို melanin ဓာတ်က ရောက်နှင့်ပြီးဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ ဆံပင်တွေက မဲနက်နေတာဖြစ်ပါတယ်။ ပြဿနာက ရောဂါတမျိုးမျိုး သို့မဟုတ် စိတ်ဖိစီးမှု တခုခုရှိတဲ့အခါ ဆံသားအမြစ်ထဲ ရောက်ရမယ့် အမဲရောင်ခြယ်ပစ္စည်း (melanin) တွေမရောက်တော့ဘဲ ဆံပင်ဖြူနေတတ်ပါတယ်။ ပုံမှန်အသက်ကြီးလို့ ဆံပင်ဖြူတာမျု်းက ပြဿနာမရှိပေမယ့် ငယ်ငယ်ရွယ်ရွယ်နဲ့ဆံပင်ဖြူရင် သတိထားဖို့လိုပါတယ်။အထူးသဖြင့် ဆံပင်အကွက်လိုက်ဖြူတာမျိုးပါ။

ဆံပင်အကွက်လိုက်ဖြူတာကို ဆေးပညာလို poliosis ခေါ်ပါတယ်။ poliosis ကို poliosis circumscripta လို့လည်းခေါ်ပါတယ်။ circumscripta ဆိုတာ ဘောင်ခတ်တာ၊ တနည်းအားဖြင့် ပြောရရင် နေရာကွက်ပြီး ဖြစ်တာမျိုးကို ဆိုလိုပါတယ်။ ဆံပင်သာမက အမွေးရှိတဲ့နေရာမှန်သမျှ(မျက်ခုံး၊ မျက်တောင်၊ချိုင်း ) အကွက်လိုက်၊အဆုပ်လိုက်ဖြူနေရင် poliosis ခေါ်ပါမယ်။ ဒီလိုအခြေနေမျိုးက မွေးရာပါမျိုးဗီဇကြောင့် ဖြစ်နိုင်သလို အသက်အရွယ်မရွေးဖြစ်နိုင်တယ်။ poliosis ဆိုတာ ရောဂါမဟုတ်ဘဲ လက္ခဏာရပ်တခုသာဖြစ်တယ်။ လက္ခဏာဆိုတဲ့သဘောက နောက်ကွယ်မှာ ရောဂါတခုုခု ရှိနေတယ်ဆိုတဲ့သဘောပါ။ ဒါကြောင့် poliosis ရှိပြီဆိုတာနဲ့ ဆရာဝန်နဲ့ပြသပြီး နောက်ခံရောဂါကို ရှာဖွေသင့်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဖြစ်စေတဲ့အကြောင်းခံထဲမှာ ဆိုးရွားတဲ့ ရောဂါကြီးတွေလည်း ပါနေလို့ဖြစ်ပါတယ်။

poliosis ဘာ့ကြောင့်ဖြစ်လဲ
(၁) အရေပြားကင်ဆာ
melanoma ဆိုတာ အရေပြားကင်ဆာတမျိုးဖြစ်ပါတယ်။ ရောင်ခြယ်ဆဲလ်ထွက်တဲ့ဆဲလ်ကနေ ကင်ဆာအဆင့် ပြောင်းလဲလာလို့ melanoma ခေါ်တယ်။ ဆံပင်အဖြူကွက်ထတာဟာ melanoma ရဲ့ ကနဦးလက္ခဏာဖြစ်နိုင်လို့ သတိပြုရမယ်။

(၂) မျက်စိရောဂါ
နှစ်ပေါင်း (၃၀)ကျော် လေ့လာမှုတွေကို ပြန်ကြည့်လိုက်တဲ့အခါ မျက်စိနဲ့ပတ်သတ်တဲ့ ရောဂါတွေမဖြစ်ခင် ဆံပင်အဆုပ်လိုက်ဖြူခြင်း တွေ့နေရပါတယ်။ ဥပမာ မျက်စိရောင်ရမ်းခြင်း (uveitis) မဖြစ်ခင် ဆံပင်အဆုပ်လိုက်ဖြူခြင်းကို ကနဦးလက္ခဏာအနေနဲ့တွေ့ရမယ်။ မျက်စိရောင်ရမ်းခြင်း(uveitis)ကို သတိမထားမိဘဲနေရင် အတွင်းတိမ်၊ရေတိမ်စတာတွေ ဆက်ဖြစ်နိုင်ပါတယ်။ဒါ့ကြောင့် ဆံပင်အကွက်လိုက်ဖြူပြီဆိုတာနဲ့ မျက်စိရောဂါကြောင့်လားဆိုတာ သတိထားသင့်ပါတယ်။

(၃) အရေပြားဆဲလ် ရောင်းရမ်းတဲ့ ရောဂါ
Vogt-Koyanagi-Harada disease (VKH) ဆိုတာ ခန္ဓာကိုယ်တခုလုံးမှာရှိတဲ့ အင်္ဂါရပ်တွေရောင်ရမ်းခြင်း  အင်မတန်ရှားတဲ့ရောဂါတစ်မျိုးဖြစ်တယ်။ မျက်လုံး၊နား၊အရေပြားနဲ့ အာရုံခံကြောစနစ်တွေရောင်ရမ်းတဲ့ရောဂါကို VKH လို့ခေါ်ပါတယ်။ ရောဂါရဲ့ လက္ခဏာရပ်တွေဟာ အမဲရောင်ခြယ်ဆဲလ်ထုတ်တဲ့ melanocyte တွေရောင်ရမ်းတဲ့အခါ တွေ့ရတယ်။ ဒီလိုရောဂါသည်တွေမှာလည်း poliosis ခေါ်တဲ့ ဆံပင်အကွက်လိုက်ဖြူခြင်းမျိုး တွေ့ရတတ်တယ်။ VKH ဟာ အသားညိုတဲ့ အာရှတိုက်သားတွေမှာ အတွေ့ရများတယ်။

(၄) ခရုသင်းရောဂါ
ဆံပင်အကွက်လိုက်ဖြစ်ခြင်းက အရေပြားအဖြူကွက်စွဲခြင်း ခရုသင်းနဲ့ဆက်စပ်တာမျိုး ရှိတယ်။ သိုင်းရွိုက်ရောဂါ၊ ခုခံအားချင်းပြန်တိုက်တဲ့အခါမျိုးမှာ ခရုသင်းဖြစ်တာ ရှိတတ်တယ်။ ဒါ့ကြောင့် ဆံပင်ဖြူတဲ့အခါ ခရုသင်းကြောင့်လား၊ သိုင်းရွိုက်ဟော်မုန်းမမှန်လို့လား၊ ခုခံအားတိုက်ခိုက်တဲ့ရောဂါတခုခုရှိလို့လား ဆိုတာ အဖြေရှာဖို့လိုပါတယ်။

(၅) ဆေးဝါး
ဆံပင်အကွက်လိုက်ဖြူခြင်းဟာ ဆေးဝါးတွေကြောင့်လဲဖြစ်တတ်တယ်။ ဥပမာ chloramphenicol ပိုးသတ်ဆေး သောက်ခြင်း၊ cetuximab လို ကင်ဆာဆေးတွေကြောင့်လဲဖြစ်တတ်ပါတယ်။

(၆) စိတ်ဖိစီးမှု
စိတ်ဖိစီးမှုအလွန်အကျွံခံစားရသူတွေမှာလည်း ဖြစ်တတ်တယ်။ ဥပမာ ငွေရေးကြေးရေးအရှုပ်အရှင်း၊ အချစိရေးပြဿနာတွေကြောင့် ကိုယ့်ကိုယ်ကို သတ်သေချင်လောက်အောင် ဖြစ်တဲ့သူတွေမှာ ရုတ်တရက်ပေါ်လာတတ်တယ်။ စိတ်ဖိစီးမှုက အချိန်ကြာတဲ့အခါ poliosis ကိုဖြစ်စေတယ်။

(၇) မွေးရာပါ မျိုးဗီဇပြောင်းလဲခြင်း
မွေးရာပါနဖူးထိပ်မှာ အဖြူကွက်ဖြစ်တဲ့ရောဂါ(piebaldism)၊  မွေးရာပါအကြားအာရုံချို့တဲ့တာနဲ့ ဆံပင်၊အရေပြားအဖြူကွက်ဖြစ်တဲ့ရောဂါ (Waardenburg's syndrome)၊ Marfan's syndrome, tuberous sclerosis ရောဂါ, မွေးရာပါအမှတ်ပါခြင်း(giant congenital nevus)၊ Alezzandrini syndrome စတဲ့ရောဂါတွေကြောင့်လည်း ဆံပင်အဖြူကွက်ဖြစ်တတ်ပါတယ်။

ဘယ်လိုကုမလဲ
poliosis ဖြစ်နိုင်ချေတွေ အများကြီးရှိလို့ နောက်ခံအကြောင်းရင်းကို စနစ်တကျ ရှာပြီးမှ ကုသရပါတယ်။ လိုအပ်ရင် ဆီးစစ်၊သွေးစစ်တာတွေ လုပ်ရတတ်ပါတယ်။ ဘာ့ကြောင့်ဖြစ်လဲဆိုတာ အရင်ဆုံးသိမှ ဘယ်လိုကုမလဲ ဆက်လက်စဉ်းစားနိုင်မှာပါ။

ခရုသင်းကြောင့်ဖြစ်တဲ့ poliosis တွေမှာ အရေပြားဆဲလ်အစားထိုးခြင်း(skin grafting)နဲ့ အလင်းပြခြင်း(UV-B lamp)ကို တွဲလုပ်နိုင်ပါတယ်။ သိုင်းရွိုက်ကြောင့်ဖြစ်ရင် သိုင်းရွိုက်ကိုကု၊ ခရုသင်းကြောင့်ဖြစ်ရင် ခရုသင်းကို ကုရပါတယ်။ ဆေးဝါးကြောင့်ဖြစ်ရင် သောက်နေတဲ့ဆေးဝါး (ဥပမာ chloramphenicol)ကို ဖြတ်လိုက်ရင် poliosis လက္ခဏာတွေသက်သာနိုင်ပါတယ်။ စိတ်ဖိစီးမှုလျှော့ကျတဲ့အခါ ပြန်ကောင်းနိုင်ပါတယ်။ အချိန်တခုထိ ကြာနိုင်ပါတယ်။ မျိုးဗီဇပြောင်းလဲတာနဲ့ ကင်ဆာကြောင့် ဆိုရင်တော့ ကုရခက်ပါတယ်။ ဗီတာမင် ဘီတွဲချို့တဲ့လို့ဖြစ်ရင် vitamin B12 သောက်ဆေး သို့ ထိုးဆေး ပေးပြီး ရက်အနည်းငယ်ကြာတဲ့အခါ သက်သာနိုင်ပါတယ်။ လိမ်းဆေးထဲမှာ Ammi majus (bishop's weed) လိမ်းနည်းကိုလည်း သုံးတတ်ကြပါတယ်။ ဒီလိမ်းဆေးက တကယ်တော့ ကြွက်နို့်မှာသုံးတဲ့ လိမ်းဆေးရည်ဖြစ်တယ်။ နည်းတွေများပေမယ့် ဘယ်နည်းနဲ့ထိရောက်လည်းဆိုတာ မတူကြသလို လူနာရဲ့ကံပေါ်မူတည်ပြီး ပျောက်ကင်းနိုင်ချေ ကွာခြားပါတယ်။

သုံးသပ်ချက်
poliosis ဖြစ်ရင် ကုဖို့ခက်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဖြစ်နိုင်တဲ့ နောက်ခံရောဂါတွေ အများအပြား ရှိလို့ဖြစ်ပါတယ်။ နောက်ခံရောဂါသိရင်တောင် ကုလို့ရတဲ့ ရောဂါဖြစ်ဦးမှ ပျောက်ကင်းနိုင်မှာပါ။ poliosis ဖြစ်တိုင်း စိုးရိမ်ဖို့ မလိုပေမယ့် ဖြစ်လာရင် စနစ်တကျ အဖြေရှာမှသာ စိတ်ချရမှာဖြစ်ပါတယ်။ဒါ့ကြောင့် မိမိဦးခေါင်းမှာ ဆံပင်တွေ အဆုပ်လိုက်၊ အကွက်လိုက် ဖြူလာရင် နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ စနစ်တကျ အဖြေရှာသင့်ပါကြောင်း တိုက်တွန်းလိုက်ပါရစေ။

ဒေါက်တာအေးမင်းထူး

Comments

Popular posts from this blog

Wireless Router လိုင်းဆွဲအားကောင်းစေရန် နည်းလမ်းကောင်း (၁၀) ချက်

ကိတ်နည်း လမ်းညွှန်

ကြာဆူးအတွက် ကုထုံး