Collagen

Collagen

မင်္ဂလာပါဆရာ။ကျွန်မ အသက် ၄၂ နှစ်ရှိပါပြီ။ မျက်နှာမှာ အရေးအကြောင်းတွေရှိလာလို့ collagen သောက်ပါတယ်။ collagenကိုသောက်တာနဲ့ လိမ်းတာ ဘယ်ဟာ ပိုထိရောက်ပါသလဲဆရာ။ ဆရာရေးတာ တခါဖတ်ဖူးပါတယ်။ အဲဒါလေးပြန်တင်ပေးပါဦးဆရာ။

1. ဆရာရှင့် Peptide collagen ကို သောက်ရင် ဝက်ခြံအမည်းစက် ပျောက်ပြီး အသားအရေလှတယ်လို့ ပြောကြပါတယ်။ တကယ်လှပါသလားဆရာ။ ဘာအတွက်သောက်ရပါသလဲဆရာ။ ကောင်းကျိုးဆိုးကျိုး သိချင်ပါတယ်ဆရာ။
2. Collagen ဆိုတာ ဘာလဲဟင်။ အခု Collagen က အရမ်းအရမ်းကို ခတ်စားနေလို့လေ။ ဘာတွေကိုကောင်းကျိုး ပြုတာလဲ ဆိုးကျိုးရောရှိလား။ နောက်ပြီး ဘယ်လိုလူတွေ သောက်သင့်တယ်။ ဘယ်လိုလူတွေမသောက်သင့်ဘူး ဆိုတာ ကျေးဇူးပြုပြီး ပြည့်ပြည့်စုံစုံလေး ဖြေကြားပေးပါနော်။
3. ဆရာရှင့် အခုနောက် ပိုင်း Thai ကဝင်တဲ့ Collagen 100000 အား ဆိုတဲ့ဖြည့်စွက်စာလို အမှုန့်လေးတွေဟာ သုံးစွဲမယ်ဆိုရင် side effect ရှိပါသလားရှင့်။ သမီး အခုသောက်နေလို့ပါရှင့်။ တချို့တွေပြောကြတာတော့ side effects ရှိတယ် ဆိုလို့ပါ။ သူ့ရဲ့ side effect လေးတွေ သိချင်ပါတယ်ရှင့်။
4. သမီးအသက်၂၉ နှစ်ပါ။ အသားအရေအတွက် Collagen ပါတဲ့ဆေး သောက်နေပါတယ်။ ဆေးသောက်ရင် ဗိုက်နဲ့ရင်ဘတ် နဲနဲအောင့်တယ်။ collagen နဲ့ပတ်သတ်ပြီး သိချင်ပါတယ်။ အသက်ဘယ်လောက်ကစ သောက်သင့်ပါသလဲ။
5. Botox နဲ့ပတ်သက်ပြီး ဆရာရေးပေးတာဖတ်ရတော့ အရမ်းကျေးဇူးတင်ပါတယ်။ ဖြည့်စွက်ပေးတဲ့ Fillers တွေ Hyaluronic acid, fibril, Goretex ထိုးဆေးအကြောင်းလေးလဲ သိချင်ပါတယ်။ နှာခေါင်းပြင်ရင် သုံးကြလားဆရာ။

(ကိုလာဂျင်) ကို မလှချင်တွေက အများဆုံး စိတ်ဝင်စားကြတယ်။ Collagen (ကိုလာဂျင်) ဆိုတာ ဓါတုပစ္စည်းတခု ဖြစ်တယ်။ လူနဲ့ တိရစ္ဆာန်တွေမှာရှိတယ်။ အသားနဲ့ ကြား (တစ်ရှူး) တွေထဲမှာ နေတယ်။ အရွတ်တန်၊ အဆစ်နားက အရွတ်၊ အရေပြား၊ အရိုး၊ အရိုးနု၊ သွေးကြော၊ အစာလမ်း၊ ဆံပင်၊ လက်-ခြေသည်း၊ ခါရိုးဆစ်ကြား နေရာတွေမှာရှိတယ်။ အရာရာကို ဆွဲစုထားသလိုနေစေတယ်။ ကိုယ်ထဲက (ပရိုတင်း) ရဲ့ ၂၅-၃၅% က (ကိုလာဂျင်) ဖြစ်တယ်။ အရေပြားထဲက တွယ်ဆက် (တစ်ရှူး) ထဲမှာရှိတာမို့ တင်းနေစေတယ်။ ဆန့်နိုင် ကျုံ့နိုင်စေတယ်။

အသက်ရလာရင် ကိုလာဂျင် ထုတ်လုပ်တာ အားနည်းလာတယ်။ အသားအရေတွေက ပါးလှပြီး ပြော့ဖတ်ဖတ် ဖြစ်လာကြတယ်။ ထိခိုက်တာကို ငယ်တုံးကလောက် မခံနိုင်တော့ဘူး။ အရေးအကြောင်းတွေပေါ်လာတယ်။ အရွတ်တွေ အဆစ်တွေလဲ အားနည်းလာတော့တယ်။

(ကိုလာဂျင်) ကို ဆေးပညာနေရာအမျိုးမျိုးမှာ သုံးနိုင်တယ်။
1. Bone grafts အရိုးအစားထိုး၊
2. Cardiac applications နှလုံးအစားထိုး၊
3. Cosmetic surgery အလှအပခွဲစိတ်မှု၊
4. Tissue regeneration (တစ်ရှူး) အသစ်ပေါက်စေအောင်၊
5. Wound care management uses အနာ-ဒဏ်ရာ ကျစေအောင်။

Collagen supplements ကိုလာဂျင်အားဆေးအဖြစ်လဲ သုံးတာကြတယ်။ ၂ဝဝ၈ ကနေစပြီး Collagen type II ကို ပြောင်းသုံးလာတယ်။ အရည်၊ ဆေးပြား၊ ဆေးတောင့်၊ ဂျဲလ်၊ ပေါင်ဒါ အမျိုးမျိုးရောင်းတယ်။ Collagen type II is 500 mg capsules ကို တနေ့ ၂-၃ ကြိမ်အထိပေးတယ်။ အရေပြား ပိုကောင်းချင်လို့ ဒီဆေးသောက်သူတွေဟာ Vitamin C ဗီတာမင် (စီ) လဲ လိုမယ်။ ဗီတာမင် (အီး) လဲနာမယ်ကြီးတယ်။

Hydrolyzed Collagen ဆိုတာကိုသုံးတာများတယ်။ စားဆေးကို အဆစ်အားဆေးအဖြစ်သုံးတယ်။ Lip Collagen Injection ထိုးဆေးကို အရေပြား အရေးအကြောင်းပေါ်တာသက်သာအောင် ထိုးပေးတယ်။ Collagen cream လိမ်းဆေးကိုလဲ အရေပြားမှာ လိမ်းရတယ်။ Catrix Collagen ဆိုတာက ပေါ်တာမကြာသေးဘူး။ အနာကျက်တာ မြန်စေအာင်သုံးတယ်။ မတည့်သူတွေ (အလာဂျီ) ရနိုင်တယ်။ ဆေးထိုးရင် နာမယ်။

ကိုလာဂျင် ဘသာဝအတိုင်းထုတ်လုပ်ပေးတဲံအစားအသောက်များ
၁။ ကြက်သွန်ဖြူ၊
၂။ ပဲပုတ်နဲ့ ပဲပုတ်လုပ်အစားအသောက်များ၊
၃။ ခရမ်းချဉ်သီး၊
၄။ အစိမ်းရင့်အသီးအရွက်များ၊
၅။ အိုမီဂါ-သရီးကြွယ်ဝတဲ့အစာများ၊ ကျူနာငါး၊ ဆောလ်မွန်ငါး နဲ့ မက်ရဲလ်ငါး
၆။ အနီရောင်အသီးများနဲ့ ဟင်းသီးဟင်းရွက်များ။

Hyaluronic acid ဆိုတာ လူ့ကိုယ်ထဲမှာလဲရှိတယ်။ မျက်စိနဲ့ အဆစ်တွေမှာ ပိုများများရှိနေတယ်။ ဓါတ်ခွဲခန်းထဲမှာလဲ ဗက်တီးရီးယားကနေ ထုတ်ယူနိုင်တယ်။ အရိုး-အဆစ်ရောဂါတွေမှာသုံးတယ်။ ပါးစပ်ကနေလဲ သောက်နိုင်တယ်။ ပလပ်စတစ်ခွဲစိတ်နည်းမှာလဲ သုံးတယ်။ အရေပြားမှာ ကူရှင်လို၊ ချောဆီလိုသဘော လုပ်ပေးမယ်။ Fibril ဆိုတာ အပ်ချည်လိုဘဲ။ Striated muscle fiber အမျိုးအစား ကြွက်သားမျှဉ်တွေမှာ ရှိတယ်။ ဆံပင် အခြေမှာလဲ ရှိတယ်။ Goretex ဆိုတာ ဓါတ်ခွဲခန်းမှာတည်ဆောက်ထားတဲ့ Polytetrafluoroethylene ဖြစ်တယ်။ လူတွေမှာရှိတဲ့ Fascia အရွတ်ပြားနဲ့တူတယ်။ ဗိုက်၊ ရင်ခေါင်း။ အစာဟောင်းအိမ်။ ဗဂျိုင်းနား၊ ဆီးလမ်း။ အူကျတာတွေကို ခွဲစိတ်တဲ့အခါ သုံးနိုင်တယ်။ ပလပ်စတစ်ခွဲစိတ်နည်းမှာလဲ သုံးတယ်။

ကြော်ငြာဆေးတွေကို အားမပေးပါ။ စိတ်ချရမှုနဲ့ ထိရောက်မှု သုတေသနတွေ မစုံလင်ပါ။ ဇရာဖြစ်စဉ်ကို အန်တုချင်တာ သဘာဝပါ။ ဇရာကို နောက်ကြောင်းတော့ပြန်မရပါ။ ရသမျှတော့ ကြိုးစားပေါ့။ နတ်ရေကန်တော့ ရှာမနေ့ပါနဲ့။

Dr.တင့်ဆွေ

Comments

Popular posts from this blog

Wireless Router လိုင်းဆွဲအားကောင်းစေရန် နည်းလမ်းကောင်း (၁၀) ချက်

ကိတ်နည်း လမ်းညွှန်

ကြာဆူးအတွက် ကုထုံး