အသက်(၄၀)ကျော် တင်းတိပ်ပျောက်စေဖို့

အသက်(၄၀)ကျော် တင်းတိပ်ပျောက်စေဖို့

တင်းတိပ်ဟာ အမျိုးသမီးတွေကို ဒုက္ခပေးပါတယ်။ အမေရိကန်နိုင်ငံမှာ လူပေါင်း ငါးသန်းကနေ ခြောက်သန်းနီးပါး ခံစားနေရတယ်။ အဲဒီထဲက ၉၀ ရာခိုင်နှုန်းဟာ အမျိုးသမီးတွေဖြစ်တယ်။ မျက်နှာ တင်းတိပ်ဟာ မျက်နှာပေါ် ပုံမှန်မဟုတ်တဲ့ အညိုကွက် ၊ အမည်းကွက်တွေ ပေါ်ပေါက်လာတာ ဖြစ်တယ်။ ပါး၊ နှာခေါင်း၊ မေးစေ့ ၊ နဖူး၊ အပေါ်နှုတ်ခမ်း စတဲ့နေရာတွေမှာ အဖြစ်များတယ်။ ဆရာဝန်တွေသာမက မိတ်ကပ်ပညာရှင် တွေကို တော်တော် ဒုက္ခပေးတဲ့ထဲမှာ တင်းတိပ်လဲ ပါတယ်။ ကုရလဲခက်၊ ပျောက်ဖို့လဲအချိန်ကြာ၊ ဒီကြားထဲ ဆောင်စရာ ရှောင်စရာတွေကလဲ ရှိသေးတယ်။

တင်းတိပ်ဟာ အီစတိုဂျင်ဟော်မုန်း နဲ့ ဆက်စပ်နေတယ်တလို့ သိထားပါတယ်။ ကိုယ်ဝန်ဆောင်ချိန် ဒါမှမဟုတ် ကိုယ်ဝန်တားဆေး တွေကြောင့် ဖြစ်နိုင်တယ်။ နေလောင်တာက တင်းတိပ်ကို ဖြစ်စေတယ်။ ခရမ်းလွန် ရောင်ခြည်ကြောင့် သာမက အနီအောက် ရောင်ခြည်ကြောင့် ပါ ဖြစ်တတ်တယ်။ ခရမ်းလွန်ရောင်ခြည်ကို မျက်စနဲ့ မမြင်နိုင်ပေမယ့် အနီအောက် ရောက်ခြင်က ဖြစ်တဲ့ အပူကိုတော့ ခံစားသိရှိနိုင် ပါတယ်။ ဒါ့ကြောင့် အပူချိန် ပြင်းတာကလဲ တင်းတိပ်ကို ပိုဆိုးစေတယ်။ ဒါ့ကြောင့် Broad Spectrum နေလောင်ကာတဲ့ လိမ်းဆေးတွေက ပိုမို အသုံးဝင်လာတယ်။ နေလောင်ကာထဲမှာ UVB သာမက UVA ကိုကာကွယ်တဲ့ Super Sunscreen တွေကို ရွေးသုံးသင့်တယ်။

ပုံမှန်အားဖြင့် မနက်ပိုင်းမှာ Vitamin C Serum လိမ်းဆေးတွေ လိမ်းသင့်တယ်။ ပြီးရင် Kojic Acid နဲ့ Arbutin ပါတဲ့ Skin Lihgtener လိမ်းဆေးတွေ ဆက်သုံးပါ။ HQ နှစ်ရာခိုင်နှုန်းကနေ ၅ ရာခိုင်နှုန်းကို သုံးလကနေ ၁၂လထိ သုံးနိုင်တယ်။ ဆေးသုံးပြီး မျက်နှာရဲတာ၊ ပူစပ်ပူလောင် ဖြစ်တာရှိနိုင်တယ်။ သတိပြုရမှာက ၄ ရာခိုင်နှုန်းကို ကြာရှည်သုံးရင် မျက်နှာ အရောင်မည်းသွားတာ ( Onchronosis ) ရှိနိုင်တယ်။ Hydroquinone မှာ ဘော့ဖျက်လို အရောင်ချွတ်တဲ့ အာနိသင်ရှိတယ်။ အဲဒီဆေးက ဘေးထွက်ဆိုးကျိုးလဲ ရှိလို့ နားမလည်ဘဲ ရမ်းမသုံးသင့်ပါ။ အခုပြောမှာ တင်းတိပ်ကို ဘေးထွက်ဆိုးကျိုး နည်းနည်းနဲ့ ကုသနိုင်တဲ့ နည်းတွေဖြစ်တယ်။

ပထမတစ်ခုက Azelaic Acid ဖြစ်ပါတယ်။ Azelaic Acid ၂၀ ရာခိုင်နှုန်း လိမ်းဆေးက Hydroquinone  ၄ ရာခိုင်နှုန်းနဲ့ အာနိသင် တူတယ်။ လေ့လာမှုတစ်ခု ကတော့ ၂ ရာခိုင်နှုန်း Hydroquinone ထက်အာနိသင် ပိုကောင်းပြီး ဘေးထွက်ဆိုးကျိုး ပိုနည်းတယ်လို့ သိရတယ်။ Azelaic Acid ၂၀ ရာခိုင်နှုန်းကို Glycolic Acid ၁၅ ရာခိုင်နှုန်းနဲ့ ပေါင်းလိမ်းတာဟာ တင်းတိပ်ပျောက်တာ ပိုမြန်စေတယ်။ တချိုက Tretinoin ၀.၀၅ ရာခိုင်နှုန်းနဲ့လဲ ရောလိမ်းတယ်။ ဆေးခန်းမှာ လက်တွေ့စမ်းသုံးကြည့်တဲ့အခါ ပျောက်ကင်းနိုင်ခြေ ပုံမှန်တက် ၃၀ ရာခိုင်နှုန်းထိ မြင့်တက်လာတယ်။ Sensitive Skin မှာ အလွန် အသုံးဝင်တယ်။

နောက်တစ်ခုက Kojic Acid ဖြစ်တယ်။ ဂျပန်ဆန်အရက်မှာ ပါတဲ့ Kojic Acid ဟာ အသားဖြူတဲ့ အာနိသင်ရှိတာ သိခဲ့ပြီး ဖြစ်တယ်။ အခုက တင်းတိပ် အတွက်ပါ။ တင်းတိပ်မှာ Kojic Acid တစ်ရာခိုင်နှုန်း ကနေ ၄ ရာခိုင်နှုန်းထိ သုံးနိုင်တယ်။ Kojic Acid ၂ ရာခိုင်နှုန်းနဲ့ Hydroquinone ၂ ရာခိုင်နှုန်း လိမ်းဆေးဟာ Glycolic Acid  ၁၀ ရာခိုင်နှုန်းနဲ့ Hydroquinone ၂ ရာခိုင်နှုန်း နှစ်မျိုးစပ် လိမ်းဆေးထက် အာနိသင် ပိုကောင်းတာ တွေ့ရတယ်။ ၅၂ ရာခိုင်နှုန်းထိ သက်သာစေတယ်။ Sensitive Skin မှာ တခြားဆေးတွေ မခံနိုင်ရင် Kojic Acid လိမ်းဆေးကို ထည့်သုံးရတယ်။

စတီးရွိုက်တွေကို တင်းတိပ်မှာ သုံးတယ်။ Prostaglandin နဲ့ Leucotriene တွေက Melanogenesis ကို ဖြစ်စေနိုင်တယ်။ စတီးရွိုက်က ဒီလို ဖွဲ့စည်းမှုကို တားဆီးလိုက်တယ်။ စတီးရွိုက်ရွေးတဲ့အခါ Protent or Super Potent အမျိုးအစားကို ရွေးချယ်သင့်တယ်။ ဒါပေမယ့် ဒီဆေး တစ်မျိုးတည်း လိမ်းတာက အာနိသင်ထူးခြားမှု သိပ်မရှိတာ တွေ့ရတယ်။

နောက်တစ်ခုက ၀က်ခြံမှာသုံးတဲ့ Tretinoin ဆေးတွေဖြစ်ပါတယ်။ Tretinoin လိမ်းဆေးကို UVB ကြောင့်ဖြစ်တဲ့ တင်းတိပ် ၊ အမည်းစက်မှာ သုံးနိုင်တယ်။ နေ့စဉ်သုံးရင်တောင် ၆ လကနေမှ ထူးခြားမှုကို တွေ့နိုင်တယ်။ ဘေးထွက်ဆိုးကျိုးက မျက်နှာရဲတာ၊ ပူစပ်ပူလောင် ဖြစ််တတ်တယ်။ Adapalene က Tretinoin လို အာနိသင်ရှိပြီး ကောင်းတာက ဘေးထွက်ဆိုးကျိုး ပိုနည်းတာဖြစ်တယ်။

Chemical Peel မှာသုံးလေ့ရှိတဲ့ Glycolic Acid ကိုသုံးတာပါ။ Peel လုပ်တဲ့အခါ ပြင်းအား ၅၀ ရာခိုင်နှုန်းကနေ ရ၀ ရာခိုင်နှုန်း ထိ သုံးနိုင်တယ်။ တင်းတိပ်မှာတော့ Glycolic Acid ပြင်းအား ၅ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်း လောက်ပဲ သုံးရမယ်။ ကောင်းတာက အပေါ်ယံအရေပြားကို ကွာစေပြီး တင်းတိပ်ကွက်ကို လျော့ပါး သက်သာစေတယ်။ Skin Lightening အာနိသင် ရှိတယ်။ သတိပြုရမှာက ၁၀ ရာခိုင်နှုန်း Glycolic Acid သုံးရင် Moistureizer တစ်မျိုးမျိုး ထပ်လိမ်းပေးသင့်တယ်။

Mequinol ဆိုတာ Hydroquinone ကနေ ဆင့်ကဲပြောင်းလဲလာတဲ့ ဆေးဖြစ်တယ်။ တင်းတိပ်မှာ Mequinol ၂ ရာခိုင်နှုန်း ပြင်းအားကိုသာ အသုံးပြုရတယ်။ ဆေးက ရှာရခက်တယ်။ နိုင်ငံခြားက တိုက်ရိုက် လှမ်းမှာရတယ်။ စျေးလဲ မသေးပါ။ Tretinoin ၀.၀၁ ရာခိုင်နှုန်း နဲ့ ရောသုံးရင် ၅ ယောက်မှာ ၄ ယောက်ဟာ ၃ လအကြာမှာ သက်သာလာတာ တွေ့ရတယ်။

Arbutin ။   ။ Bearberry အပင်ကရတဲ့ Arbutin ဓာတ်ဟာ အမည်းစက် အတွက် အလွန်ကောင်း ပါတယ်။ Hydroquinone နဲ့ အာနိသင် တူတယ်။ Deoxyarbutin ဆိုတာ နောက်ဆုံးပေါ် နည်းပညာနဲ့ ထုတ်ထားတဲ့ Arbutin ဓာတ်တစ်မျိုး ဖြစ်တယ်။ သဘာ၀ အသားဖြူဆေး တစ်မျိုးဖြစ်ပြီး တင်းတိပ် ၊ မှဲ့ခြောက် ကုသရာမှာ အသုံးဝင်တယ်။ လိမ်းဆေးတွေထဲမှာ Arbutin ကို ထည့်လေ့ ရှိတယ်။

N-acetyl-4-S-cystaeminylphenol (NCAP) ။   ။ Phenolic ခေါ်တဲ့ ဓာတ်ပေါင်းတစ်ခု ဖြစ်ပါတယ်။ ဘေးထွက်ဆိုးကျိုး က Hydroquinone လောက်မဆိုးဘဲ သက်သာစေတယ်။ တင်းတိပ်လူနာ ၁၂ ယောက်ကို လေ့လာကြည့် ရာမှာ NCAP  ၄ ရာခိုင်နှုန်း လိမ်းခြင်းဖြင့် ၆၆ ရာခိုင်နှုန်းက သက်သာလာပြီး NCAP ၈ ရာခိုင်နှုန်း ပေးတဲ့အခါ ရာနှုန်းပြည့် ပျောက်ကင်းတာ တွေ့ရတယ်။ နေ့စဉ် လိမ်းပေးရင် ၂ ပတ်ကျော်တာနဲ့ စတင်သိသာလာတယ်။

Tranexamic Acid ။   ။ Tranexamic Acid ဆိုတာ သွေးတိတ်ဆေး တစ်မျိုးဖြစ်တယ်။ အမှန်က ဓမ္မတာသွေးများတဲ့ အမျိုးသမီးတွေ ၊ သွေးသွန်တဲ့ အမျိုးသမီးတွေမှာ ပေးလေ့ရှိတယ်။ နောက်ဆုံး လေ့လာမှုအရ တင်းတိပ်လူနာ မှာ Tranexamic Acid 250 mg တစ်နေ့နှစ်ကြိမ် ပေးခြင်းအားဖြင့် သုံးလအကြာမှာ တင်းတိပ်သိသိသာသာ သက်သာလာတာ တွေ့ရတယ်။ လိမ်းဆေးတွေ ကတော့ ပိုကောင်းတယ်။ ၀ယ်ရခက်တယ်။ ဆေးတစ်ဘူးကို သိန်းဂဏန်းထိ ရှိတယ်။ ၃-၆ လ စောင့်ရတယ်။ကံကောင်းရင် ပျောက်နိုင်တယ်။

ဒေါက်တာ အေးမင်းထူး

Comments

Popular posts from this blog

Wireless Router လိုင်းဆွဲအားကောင်းစေရန် နည်းလမ်းကောင်း (၁၀) ချက်

ကိတ်နည်း လမ်းညွှန်

ကြာဆူးအတွက် ကုထုံး